HOME | MAT News | Concert News | Marvel Comics announce that they will change the new character of Captain America

  

Marvel Comics announce that they will change the new character of Captain America


Captain America ဇာတ်ရုပ်ကို အာဖရိကဖွား တစ်ဦးအဖြစ် ပြောင်းလဲသွားမည်ဟု Marvel ကြေညာ



Marvel Comics သည် ရက်ပိုင်းအတွင်း ဒုတိယမြောက် ကြီးကြီးမားမား ဇာတ်ကောင်စရိုက် ပြောင်းလဲမှု တစ်ခုကို ထပ်မံကြေညာခဲ့ပြီး Captain America ဇာတ်ရုပ်အတွက် အာဖရိကဖွား (လူမည်း) တစ်ဦးကို အစားထိုးသွားမည်ဟု သိရှိရသည်။

Marvel ၏ Captain America ဇာတ်လမ်းများတွင် စတိဗ်ရော်ဂျာက အမေရိကန်ဂုဏ်ဆောင် စိတ်ကူးယဉ် သိပ္ပံလူစွမ်းကောင်းအဖြစ် အစဉ်တစိုက် ရပ်တည်ခဲ့သော်လည်း ယခုအခါ ၎င်း၏နေရာတွင် ဆမ်မြူရယ်လ် ဝီလ်ဆင်က အစားထိုး ဝင်ရောက်တော့မည် ဖြစ်သည်။ ဝီလ်ဆင်သည် Captain America၏ အဓိက မဟာမိတ် တစ်ဦးဖြစ်သည့် သိပ္ပံလူစွမ်းကောင်း Falcon အဖြစ်လည်း လူသိများသည်။

ယခုသီတင်းပတ်အတွင်းတွင် Marvelက ၎င်းတို့၏ အသစ်ထုတ်ဝေမည့် စာအုပ်များတွင် မိုးကြိုးနတ်ဘုရား Thor ကို အမျိုးသမီး တစ်ဦးအဖြစ် ပြောင်းလဲဖန်တီးမည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး ယခုတစ်ဖန် Captain America ဇာတ်ရုပ်ကိုလည်း အာဖရိကဖွား တစ်ဦးအဖြစ် ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဝီလ်ဆင်သည် အောက်တိုဘာလထုတ် All-New Captain America စာအုပ်တွင် စတင်ကာ ရော်ဂျာ၏ အပြာရောင်ဝတ်စုံကို လက်ဆင့်ကမ်း ဆက်ခံမည် ဖြစ်သည်။

ရုပ်ရှင်အဖြစ် ရိုက်ကူးထားသည့် Captain America: The Winter Soldier ဇာတ်ကားတွင် Falcon အဖြစ် အန်သိုနီ မက်ကေးက သရုပ်ဆောင်ထားသည်။ Marvel ၏ အမှုဆောင် အယ်ဒီတာ တွမ်ဘရီဗော့တ်က “အချိန်ကျလာပါပြီ။ (၂၀၁၄)ခုနှစ်မှာ တော်လှန်ပြောင်းလဲမှုတွေအတွက် အချိန်သင့် အခါသင့် ဖြစ်လာပါပြီ။ စိတ်လှုပ်ရှားစရာပါပဲ”ဟု ပြောကြားခဲ့သည်။

Captain America: The First Avenger နှင့် Captain America: The Winter Soldier ရုပ်ရှင်ဇာတ်ကားများတွင် Captain America အဖြစ် မင်းသား ခရစ်အီဗန်စ်က ပါဝင်သရုပ်ဆောင်ထားပြီး Avengers ဇာတ်ကားတွင်လည်း အဆိုပါ ဇာတ်ရုပ်ဖြင့်ပင် ပါဝင်ထားသည်။ Marvel ၏ စာအုပ်များတွင် Captain America ဇာတ်ရုပ်ကို အာဖရိကဖွား တစ်ဦးအဖြစ် ပြောင်းလဲလိုက်သော်လည်း လက်ရှိရိုက်ကူးနေသည့် Avengers: Age of Ultron ဇာတ်ကားတွင် အီဗန်စ်ပင် ဆက်လက် သရုပ်ဆောင်နေဆဲ ဖြစ်သည်။

Tags : Marvel Comics announce that they will change the new character of Captain America
Myanmar Seagame 2013
BEC Forever