HOME | MAT News | Sport News | The Smart watch - iwatch

  

The Smart watch - iwatch




နည်းပညာ လောကအတွက် နောက်ထပ်တစ်ကြိမ် ပေါက်ကွဲတော့မယ့် လှိုင်းလုံးဟာ အခြားအရာ မဟုတ်ဘဲနဲ့ ကျွန်တော်တို့ရဲ့ လက်ထဲမှာ ဝတ်ဆင်ထားတဲ့ နာရီတွေ နေရာမှာ အစားထိုး ဝင်ရောက်လာတော့မယ့် စမတ်နာရီဆိုရင် သင်လက်ခံနိုင်ပါ့မလား။  ဘာကြောင့်လဲဆိုရင် လက်ရှိအချိန်မှာ လူတိုင်းလက်ထဲမှာ အနိမ့်ဆုံးတော့ single-core သုံးထားတဲ့ ဖုန်းတွေတောင် ကိုင်ဆောင် မနေတော့ပါဘူး။ အဆင့်ဆင့် တိုးတက်မှုတွေနဲ့ ဖြစ်ပေါ်လာလိုက်တာ Quad-core အဆင့်ရှိ ဖုန်းတွေတောင် ဖြစ်နေပါပြီ။ ဒါကြောင့် ဖုန်းတွေရဲ့ တိုးတက်မှုဟာ တစ်ဦးတစ်ယောက် ကုမ္ပဏီ တစ်ခုတည်းကနေ ချွန်ထွက်မနေတော့ပါဘူး။ ပြိုင်ဆိုင်မှု ပြင်းထန်မှုတွေ နောက်ကို အမီလိုက်နိုင်စေဖို့အတွက် မတိမ်းမယိမ်း အနေအထား ရောက်အောင်ကို ထုတ်လုပ်လာခဲ့ပါပြီ။ ဒါကြောင့် အီလက်ထရောနစ် ကုမ္ပဏီတွေရဲ့ ထုတ်လုပ်မှုဟာ ဝတ်ဆင်လို့ ရနိုင်ပြီး စမတ်ဖုန်းနဲ့ တွဲဖက် ထိန်းချုပ် သုံးစွဲနိုင်မယ့် gadget တွေရဲ့ဘက်ကို ခြေဦးလှည့်လာခဲ့ပါပြီ။

Samsung, Sony နဲ့ LG လို အီလက်ထရောနစ် လောကရဲ့ ထိပ်တန်းကုမ္ပဏီကြီးတွေကတော့ စမတ်ဖုန်းနဲ့ တွဲဖက်သုံးစွဲနိုင်မယ့် စမတ်နာရီတွေကို ထုတ်လုပ်ပြီး အစောဆုံး ခြေချလာခဲ့ပါပြီ။ Google အနေနဲ့ကတော့ android wear အနေနှင့် ဝင်ရောက်လာခဲ့တာ သိပ်မကြာလှသေးပါဘူး။ Android wear ဟာ LG G Watch နဲ့ Moto 360 တို့၌ သုံးစွဲထားမှာ ဖြစ်ပါတယ်။ နည်းပညာလောကရဲ့ ထိပ်တန်းကုမ္ပဏီကြီး ဖြစ်နေပြီး ယခုအချိန်ရောက်မှ ဘာကြောင့် ဝင်ရောက်လာလဲဆိုတဲ့ ကိစ္စက စဉ်းစားစရာ ကောင်းပေမယ့် google အနေနဲ့ တကယ်ပိုင်နိုင်မှသာ စမတ်နာရီလောကအတွက် သက်ဆိုင်ရာ ထုတ်လုပ်သူတွေက သူတို့ရဲ့ သုံးစွဲသူ ပရိသတ်တွေကို Smartwatch တွေ ထုတ်လုပ်ပေးနေပေမယ့် ထိပ်သီးစမတ်ဖုန်း ထုတ်လုပ်သူ တစ်ဦးကတော့ လက်ရှောင်ထားသလို ဖြစ်နေပါသေးတယ်။ သူကတော့ အခြား မဟုတ်ပါဘူး။ iOS မောင်းနှင်ထားတဲ့ iPhone တွေနဲ့ ရောင်းအား အကောင်းဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူထားတဲ့ apple ပဲ ဖြစ်ပါတယ်။

Apple အနေဖြင့် iwatch ထွက်လာတော့မယ်ဆိုတဲ့ ကောလာဟလတွေနဲ့ သုံးစွဲသူတွေကို နှစ်သိမ့်လာခဲ့တာ နှစ်ပေါက်ခဲ့ပါပြီ။ ဒါဟာလည်း apple ရဲ့ သုံးစွဲသူတွေအပေါ် ထားတဲ့ သစ္စာတရားကြောင့်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ apple အနေနဲ့ ထုတ်ကုန်တစ်ခုကို ထုတ်တော့မယ်ဆိုရင် တိကျသေသပ်တဲ့ ဒီဇိုင်းနဲ့သာ ထုတ်လုပ်ချင်တာကြောင့် ဖြစ်ပြီး သုံးစွဲသူတွေ လက်ထဲ ရောက်တော့မှ အနည်းငယ်သော အမှားလေးတွေ လိုက်ပြင်နေရတာကို မပြုလုပ်ချင်တာကြောင့်လည်း ပါပါလိမ့်မယ်။ ဒါပေမယ့် သိပ်မကြာလှတဲ့ အချိန်မှာတော့ iPhone ကို ထိန်းချုပ်ပြီးတော့ ဖုန်းအဝင်အထွက်တွေနဲ့ text message တွေ ပေးပို့နိုင်မယ့် smartwatch တစ်လုံး ရောက်ရှိလာတော့မှာပါ။ ဘာကြောင့်လဲဆိုရင် နောက်ဆုံးအနေနဲ့ smartwatch လောကထဲ ဝင်ရောက်လာဖို့ ရှိနေတာ apple တစ်ဦးတည်း ကျန်တော့တာကြောင့်ပါ။ အားကစားလောက စကားနဲ့ ပြောရမယ်ဆိုရင် ကြိုးဝိုင်းထဲ နောက်ထပ် ဝင်ရောက်လာမယ့် ပြိုင်ဘက်အသစ်ဟာ apple က လွဲပြီး ဘယ်သူမှ မဖြစ်နိုင်တော့ပါဘူး။

စမတ်နာရီရယ်လို့ ထဲထဲဝင်ဝင်သိအောင် လုပ်ခဲ့ကြတာကတော့ လက်ရှိ ရောင်းအား အကောင်းဆုံး စမတ်ဖုန်းတွေကို စဉ်ဆက်မပြတ် ထုတ်လုပ်နေတဲ့ Samsung ပဲ ဖြစ်ပါတယ်။ သူနဲ့အတူ နောက်ထပ် ကုမ္ပဏီကတော့ ကင်မရာကောင်းပြီး၊ ရေစိုခံတဲ့ဖုန်းဆိုရင် သူပဲ ထင်မှတ်ထားနိုင်အောင် အကောင်းဆုံးသော Z Series ဖုန်းတွေရဲ့ သုံးစွဲသူတွေကို ဆွဲဆောင်ထားတဲ့ ဆိုနီပဲ ဖြစ်ပါတယ်။ ဘာကြောင့် သူတို့တွေဟာ google ရဲ့ android ကို မစောင့်ခဲ့ကြတာလဲ ဆိုတာ စဉ်းစားစရာတော့ ရှိပါတယ်။ သူတို့ဟာ android ထက်စောပြီး လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ပထမမျိုးဆက် စမတ်နာရီတွေကို ဖြန့်ချိထားတာကြောင့်ပါ။ Sony ရဲ့ Smartwatch နဲ့ Samsung ရဲ့ Galaxy Gear တို့ ၂ မျိုးလုံးဟာ ဈေးကွက်ထဲမှာ ဝယ်ယူနိုင်နေပြီ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ android wear မပါဘဲနဲ့ လမ်းသစ်ကို စတင်လျှောက်လှမ်းခဲ့ကြတာပါ။ ဆိုနီရဲ့ စမတ်နာရီဆိုရင် တိကျတဲ့ အချက်အလက်လို့ ဆိုနိုင်တဲ့ bestbuy က ထုတ်ပြန်ချက်အရ အလုံးရေပေါင်း ၄ သိန်းကျော်အောင် ရောင်းချနိုင်ခဲ့ပါပြီ။ အဲလိုပါပဲ Samsung Gear ဆိုရင် ဖုန်းတွေနဲ့ တွဲဖက်မိတ်ဆက် ရောင်းချတာကြောင့် ဈေးကွက်ထဲမှာ သိန်းနဲ့ချီတဲ့ ပမာဏကို ရောင်းချစံချိန်တင်နိုင်ခဲ့ပါပြီ။ Samsung ရဲ့ စမတ်ဖုန်းတွေဟာ နိုင်ငံတကာ ဈေးကွက်မှာ အရောင်းရဆုံးဆိုတဲ့ ဂုဏ်ပုဒ်ပေါ်မှာ အခြေခံပြီး တွဲဖက်သုံးစွဲနိုင်မယ့် gadget တွေကို ရောင်းချနေတာကြောင့်ပါ။ ကိုရီးယားဈေးကွက်မှာတော့ Samsung ကို ယှဉ်နိုင်တဲ့ ထုတ်လုပ်သူ မရှိသေးပါဘူး။ Samsung ဟာ သူ့ရဲ့ နောက်ထပ် ဝတ်ဆင်လို့ရတဲ့ Gadget တွေမှာတော့ ကိုယ်ပိုင် OS tizen ကို သုံးစွဲလာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ဘာကိုဆိုလိုသလဲဆိုရင် Samsung အနေနဲ့ နောက်ပိုင်းမှာ Android ဆီကနေ တရားဝင်ခွဲထွက်သွားဖို့ အကြောင်းတရားတွေ ရှိနေတယ်ဆိုတာကို ဖော်ပြနေပါတယ်။

ဈေးကွက်ထဲမှာ ထွန်းပေါက်တဲ့ ထုတ်ကုန်တွေ ရှိပေမယ့် အမြဲတမ်း ငြိမ်သက်နေတတ်တဲ့ Apple အနေနဲ့ကတော့ လက်ရှိအချိန်အထိ iWatch နဲ့ ပတ်သက်တဲ့ အချက်အလက်တွေဟာ ထင်ယောင်ထင်မှား အခြေအနေသာ ရှိနေပါသေးတယ်။ ဒါပေမယ့် နည်းပညာနဲ့ သက်ဆိုင်ရာ ဝက်ဘ်ဆိုက်တွေကတော့ အမှန်တကယ် iwatch သာ ထွက်လာမယ်ဆိုရင် ဘယ်လိုပုံစံမျိုးတွေ ရှိမယ်ဆိုတာ ခန့်မှန်းတွက်ချက်ထားတဲ့ ပုံစံဒီဇိုင်းတွေကို အပြိုင်အဆိုင် ဖော်ပြနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Apple အနေနဲ့ကလည်း ယခုနှစ်ပိုင်း အတွင်းမှာပဲ iWatch ကို ထုတ်ဖော်ပြသဖို့ရှိပြီး တတိယလေးပတ်အတွင်းမှာ ဖြစ်နိုင်ပါလိမ့်မယ်။ ခန့်မှန်းခြေအရတော့ စက်တင်ဘာ (သို့) အောက်တိုဘာလလောက်မှာ ဈေးကွက်ထဲကို ရောက်ရှိလာလိမ့်မယ်။ ခန့်မှန်းထွက်ဆိုချက်တွေ အရတော့ iWatch ဟာ ဖန်ပြားအကွေးနဲ့ ထွက်ပေါ်လာဖို့ရှိပြီး ကျန်းမာရေး အခြေအနေတွေ၊ လေ့ကျင့်ခန်းနဲ့ သက်ဆိုင်ရာ အချက်အလက်တွေကို ဖော်ပြပေးနိုင်မယ်လို့ ဆိုပြီး Biometric sensor လို လုပ်ဆောင်ချက်တွေကို သုံးစွဲနိုင်မှာ ဖြစ်ကာ M7 Chip အထောက်အပံ့နဲ့ ဖြစ်နိုင်ခြေရှိပြီး Wireless နည်းလမ်းကို သုံးစွဲ၍ အားသွင်းနိုင်မှုတွေပါ ပြုလုပ်နိုင်မယ်လို့ ဆိုပါတယ်။
 
အခြား ထင်မြင် ယူဆချက်တွေမှာတော့ ရေစိုခံနိုင်စွမ်းတွေ iWatch မောင်းနှင်မယ်ဆိုတာတွေအပြင် စတင် ထွက်ရှိလာချိန်မှာ မော်ဒယ်နှစ်မျိုးနဲ့ ဖြစ်နိုင်ချေရှိပြီး အမျိုးသားဝတ်၊ အမျိုးသမီးဝတ်ဆိုပြီး ခွဲခြားလိမ့်မယ်လို့ ဆိုပါတယ်။ Apple အနေနဲ့ကတော့ iWatch နဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းအချက်အလက်တွေကို မဆိုသေးပေမယ့်လည်း အနည်းငယ် ပြောကြားချက်တွေအရ Smart Band နဲ့ FuelBand လို ပုံစံမျိုး ထွက်ရှိလာလိမ့်မယ်လို့ ဆိုပါတယ်။ ဘယ်လောက်ပဲ ကြာမြင့်နေပါစေ Apple အနေနဲ့ သုံးစွဲသူတွေရဲ့ လက်ထဲကို တိကျသေချာတဲ့ လုပ်ဆောင်ချက်တွေ ပေးစွမ်းနိုင်မှသာ အရောက်ပို့ပေးမှာကတော့ မလွဲပါဘဲ။ ယခုအချိန်ဆိုရင် ဈေးကွက်ထဲမှာ Sony, Samsung, LG တို့ရဲ့ ဝတ်ဆင်လို့ရတဲ့ Gadget တွေက ရောက်ရှိနေပြီ ဖြစ်တာကြောင့် တကယ်လို့ Android Wear နဲ့ iWatch သာ ဈေးကွက်ထဲကို ရောက်ရှိလာခဲ့မယ်ဆိုရင် စမတ်နာရီတွေရဲ့ ပြိုင်ဆိုင်မှုဟာ ပိုမိုပြင်းထန်လာပါလိမ့်မယ်။
 
Credit : Mobile Guide
Tags : The Smart watch - iwatch
Myanmar Seagame 2013
BEC Forever